2009-08-07

Gmail ပုံပြင်


"အဲသည့် မြှားတံလေး ဖြောင့်တန်းစွာ သွားနိုင်ဖို့ တစ်ဘဝ စာ အပိတ်ခံလိုက်ရတဲ့ မျက်လုံး တစ်ဘက်ဟာ ငါ ပါ ...."
(သော်တာ)

-----------------------------------------

(၁)
သုံးနှစ်တင်းတင်းပြည့်တော့မည်။ စိတ်ထဲမှာ ဝေခွဲမရနိုင်အောင် ..... ပင်။ အနားမှာ အသင့် ခေါ်ဆိုနိုင်သော ဖုန်း တစ်လုံးနှင့် လိပ်စာကဒ်တစ်ခု။ အမှန်ဆို လိပ်စာကဒ်ပင် မလိုပါ။ ပတ်သတ်သမျှ အရာအားလုံး ထင်ထင်ရာရှား အမှတ်ရနေဆဲပဲ မဟုတ်လား။
Computer Screen ပေါ် Gmail Login Box ထဲက မှိတ်တုတ်မှိတ်တုတ် Cursorလေး သူ့ကို သရော်နေသလိုလို....။ ပြန်လည်ကြားယောင်လာမိသည်........

ကို...အခုဆို...ငါတို့ချင်းတွေ့ကြရတာ တစ်လမှာ တစ်ရက်လောက် က အများဆုံး....။နင် ကလည်း နင့်တာဝန်နဲ့ အဝေးတစ်နေရာမှာ ..ငါ ကလည်း အလုပ်နဲ့ နေရာ အနှံလျောက်သွားနေရတဲ့သူ..။ အေးလေ သိပါတယ်..email ပို့မယ်ဆိုတာ။ ဒါပေမယ့် ငါ့ အလုပ်အတွက်သုံးတဲ့ mail ထဲ ရောက်လာတဲ့ ချစ်သူ ရေးတဲ့စာ ကို မလိုချင်ဘူး အံမာ ရယ်မနေနဲ့ တစ်ကယ်...။ စိတ်ကူးယဉ်ဆန်တာ မဟုတ်ဘူးရယ်။ အလုပ်က ဖိစီးမှု့တွေကြား ကို့ ရဲ့စာ ကိုဖတ်ရတာ အားမရဘူးလေ။ ပြီးတော့ အလုပ်လုပ်နေတုန်း နင်စာရောက်လာတာမြင်လို့ နင်ကို သတိရသွားရင် ငါ ဘယ်လိုမှ ကောင်းကောင်းဆက်လုပ်နိုင်မှာ မဟုတ်တော့ဘူး။ .....အိုး.... ဘာလုပ်ချင်ရမှာလဲ ကို နော်.. နင် လာလာ မ စ နဲ့...ဒီမှာ အကောင်းပြောနေတဲ့ဟာကို။ ဒီလိုလေ..နင် နဲ့ ငါ နှစ်ယောက်တည်း သီးသန့် Account လေး ဖွင့်မယ်ဟာ။ သတိရ တဲ့အခါ ပြောစရာ ရှိတဲ့အခါ mail ပို့ထားလိုက်။ အေးအေးဆေးဆေး ကိုယ်ပိုင် အချိန်တွေကြရင် ဖွင့်ဖတ်ကြမယ်လေ။ အေးပါ ငါသိပါတယ် နင် နေ့တိုင်းလိုလို email ပို့ နိုင်တယ်ဆိုတာ ။ ငါလည်း Field ဘယ်လောက်ပဲဆင်းရဆင်းရ ပါ တစ်လတစ်ခါတော့ Base ကို ပြန်နေဖြစ်မှာပါ....ဟုတ်ပြီ ကွာ ဒီလိုလုပ်..Equal Chance ပဲ။ လတိုင်း အနည်းဆုံး စာတစ်စောင် ဒို့နှစ်ယောက် ရဲ့ နေ့ လေးအမှီ ပို့ထားကြေး..OK ကတိနော် ကတိ........

သက်ပြင်းဖွဖွ တစ်ချက်ချမိသည်။ မဖွင့်တာကြာပြီဖြစ်သော mail account လေးက သူ့ကို မှတ်မိဦးမှာလား...
မျက်ဝန်းတို့ မှိတ်ကာထားသော်လည်း လက်အစုံတို့က keyboard ပေါ် အသာလျှောက်ပြေးမိသည်။ ကြာပြီဖြစ်သော်လည်း သူတို့နှစ်ယောက် နာမည်တိုနှင့်ရက်စွဲလေးတစ်ခုပါသော Password လေးကို လက်ချောင်းလေးများက သွက်လက်စွာ.........။

-------------------------------------------

(၂)

နွယ်တာ (၁)
နွယ်တာ (၂)
နွယ်တာ (၃)
---
---
---
နွယ်တာ (၃၀)

မဖတ်ဖြစ်ခဲ့သော စာအစောင်၃၀။ Boldဖြစ်နေသော စာလုံးများက သူ့ကို လှောင်ရယ်နေသလိုလို....။နောက်ဆုံးပို့ထားသောစာ ရက်စွဲကို ကြည့်မိသည်။ ၂၀၀၈ အောက်တိုဘာ ၂၆ ရက်နေ့။ ဒါဆိုပြီးခဲ့သော နောက်ဆုံးခြောက်လ အထိ သူမ စာတွေ ပို့နေဆဲ ပဲပေါ့.. ။ စိတ်ထဲ ကြိတ်ကာ ကျိန်ဆဲမိသည် .... သူ မှားနေပြီလားးးးးးးး
အပြာရောင်တောက်တောက် Bold ဖြစ်နေသော Nwe'tar 30 ဆိုသောစာကို တုန်ယင်ခြောက်ခြားစွာ ကြည့်မိရင်း သူ တစ်စုံတစ်ခု ကို ပြောချင်လာသည်။ ရင်ထဲ သုံးနှစ်နီးပါး မျိုသိပ်ပုန်းရှောင်ခဲ့ရသော အရာကို ဖွင့်ဟ ထုတ်ပစ်ချင်လာသည်။

နံဘေးကို ကြည့်မိပြန်တော့ .... စောစော ထုတ်ကြည့်မိတဲ့ စာအုပ်လေး တစ်အုပ်လေးတစ်အုပ် ။

ရီဝေသော အတွေးတို့နှင့် Nwe'tar 30 ကို အသာ Click ခေါက်မိလိုက်သည်။




------------------------

နွယ်တာ ရေ...
နွယ်တာ ရေ....လို့
လှိုက်လှဲအော်ဟစ်
မြေလို ကမ္ဘာ လိုချစ်တယ်။
ချစ်တယ် ဆိုတဲ့ စကားလုံးထက် ပိုချစ်တယ်
အရာရာအားလုံးကို ကျောခိုင်းစွန့်ပစ်
နောက်ထပ်စွန့်လွှတ်စရာ မရှိအောင်ကို ချစ်တယ်။
(သော်တာ)
----------------------------------
(၃)

Nwe'tar 30
nwe'tar@gmail.com to me

"ချစ်သော 'ကို'... စိတ်ရဲ့ ခံစားမှု့ဆိုတာ စိတ်ချင်းပဲ နားလည်သိရှိနိုင်ပါတယ်..." လို့ ငါ မှတ်ယူ နားလည် ခဲ့ဘူးတယ် ကို။ နင် နဲ့ ငါ ဘယ်လောက်ပဲ မိုင်ထောင်ချီ ကွာဝေးနေပါစေ ငါ့ စိတ် ငါ့ အတွေး ထဲမှာ နင် အမြဲ ရှိနေခဲ့သလို နင့်စိတ်ထဲမှာလည်း ငါ ရှိနေလိမ့်မည်လို့ ယုံကြည်နေခဲ့ဖူးပါတယ်။ ဒါပေမယ့် ကို.. ဒီနေ့ နဲ့ပါဆိုရင် နင် ငါ့အနားက ကွယ်ပျောက်သွားတာ ၂ နှစ် နဲ့ ၆ လ တင်းတင်း ပြည့်ခဲ့ပြီ။ နင် နဲ့ ငါ ကြား အမုန်းတရား တစ်စွန်းတစ်စ မှ မရှိပဲ နင် ငါ့ကို ထားရစ်ခဲ့တာ ငါ နားမလည်နိုင်ခဲ့ဘူး။ ထားရစ်ခဲ့တယ်လို့လည်း မယူဆခဲ့ဘူး။ အလည်လွန်နေတဲ့ ချစ်သူ ရဲ့ အိမ် အပြန်လမ်း ကို ရူးသွပ်စွာ စောင့်စားခဲ့မိတယ်။ စာ မလာ သတင်းမကြားရ တဲ့ နင့်အကြောင်းတွေကို မျှော်လင့်ကြီးစွာ စုံစမ်းရင်း တစ်နေ့ ပြန်လာမှာပါ ဆိုတဲ့ အတွေး နဲ့ ... နင်မရှိတဲ့ နေ့ရက်တွေကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရတယ်။ သတိရ လွမ်းဆွတ်မှုတွေနဲ့ အတူပေါ့။ သတိရတယ် ကို။ ရင်ထဲမှာ မိုက် ခနဲ အောက်မေ့လွမ်းဆွတ်မိချိန်လေးမှာတောင် နင် နာမည် ကိုဘဲ တမ်းတမ်းတတ ရေရွတ်မိတယ်။
သတိရ တတ်သူအဖို့တော့ အရာတိုင်းဟာ အောက်မေ့သတိရစရာတွေချည်းပေါ့။
အတူသွားခဲ့ဖူးတဲ့ Shopping Center တွေ ... ထိုင်ခဲ့ဖူးတဲ့ Coffee ဆိုင်တွေ ...မွှေနှောက်ခဲ့ဖူးတဲ့ စာအုပ်ဆိုင်တွေ ဘယ်နေရာ သွားသွား နင့် အရိပ်နဲ့ ကင်းလွတ်အောင် ငါနေလို့ မရခဲ့ဘူး။ Field ဆင်းရတဲ့ အချိန်တွေ မှာဆို ဟိုး..တစ်ချိန်တုန်းက နင် စာမေးပွဲ ဖြေဖို့ အရေးကြီးနေတဲ့ကြားထဲ ငါ ရောက်နေတယ် ဆိုလို့ ညောင်ကုန်း ရွာလေး ကို လိုက်လာခဲ့ဖူးတာတွေ....သတိရမိတယ်။ IELTS ဖြေဖို့ အလုပ်ကနေ ခွင့် တစ်ပါတ်ယူလာတဲ့နင် စာမကြည့်ဘဲ ပန်းလှိုင်မြစ် အထက် ချောင်းကြိုမြောင်းကြားက ညောင်ကုန်း ရွာလေးကို အဝတ်တစ်ထည် ကိုယ်တစ်ခု နဲ့ နင်လိုက်လာတာလေ။ ငါလေ အထိတ်တလန့် နဲ့ ဘာလို့များ အရေးတကြီး လိုက်လာရတာလဲ မေးတော့ " BC မှာ စာကြည့်နေရင်း အိပ်ငိုက်လို့ Mr. Brown မှာ Coffee သွားသောက်တာ အရုပ်မရာ.. အတူထိုင်နေကြ နေရာ ဖြစ်နေတော့ အရမ်းသတိရ လို့ လိုက်လာတာ" ဆိုပြီး ရယ်နေတဲ့ နင်ကို ငါ အမြင်ကတ်ကတ်နဲ့ အချစ်ပိုခဲ့ ရတာတွေ...ခုတော့....။
အဲသည့် ညက တစ်ညလုံး မအိပ်ဘဲ ကော်ဖီတစ်ခွက်ရှေ့ချပြီး ရေနံဆီ မီးအလင်းအောက် တစ်ယောက်မျက်နှာ တစ်ယောက် ထိုင်ကြည့် နေခဲ့တာတွေကို ရွာတွေမှာ Field ဆင်းတိုင်း သတိရစရာဖြစ်စေခဲ့တာ....။
နောက်နှစ်ရက်နေ ဖြေရမယ်စာမေးပွဲ ငါလိုက်မပို့ရင် မဖြေပါဘူး လို့ ဂျစ်တိုက်လို့ Project Coordinator မမ ကို တောင်းပန်ပြီး နောက်ရက်လိုက်ပို့တာ ဒီရေမတက်လို့ ၃ မိုင်လောက် နွံထဲခြေကျင်လျှောက်ပြီးမှ လှေစီးရတာတွေ...ရန်ကုန်မြိုကထဲရောက်တော့လည်း အိမ်ချက်ချင်းမပြန်ကြသေးဘဲ ပေပေတေတေ နဲ့ နှစ်ယောက်သား လျှောက်လည်တာတွေ ငါမေ့လို့ မရခဲ့ဘူး။
ခုလို ဝေးရမှာမှန်းသိရင် အဲ့သည် စာမေးပွဲကို နင်ဖြေရအောင် ငါလိုက်မပို့ခဲ့ပါဘူး သော်တာ ရယ်။ ငါ လောဘ မကြီးပါဘူး ။ လိုချင်ခဲ့တာ တစ်ခုတည်းရယ်ပါ။ " နင့် အနားမှာ ငါ ရှိနေတယ်...ငါ့ အနား နင်ရှိနေတယ် ဆိုတဲ့ အသိလေး တစ်ခုတည်း လိုချင်ခဲ့တာပါ။ အဲဒီ အသိလေးနဲ့ အရာအားလုံး ပြီးပြည့်စုံနိုင်ပါတယ် "
ခုတော့ သော်တာရယ်
နင် ငါ့ကို ဘာမပြောဘဲ ထားရစ်ခဲ့တာ နှစ်နှစ် နဲ့ ခြောက်လ ရှိခဲ့ပြီ။ ငါ ယုံကြည်ခဲ့မိတယ် ငါပို့ထားတဲ့ စာတွေတော့ နင် ဖတ်မှာပါဘဲ လို့လေ။ တစ်လမျှ မပျက်ကွက်ခဲ့ပါဘူး။ နင် အားတဲ့တစ်နေ့ ဖတ်လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပို့ထားခဲ့မိတယ်။
နင် များ စာရေးလေမလား လို့ မမျှော်ရဲ မျှော်ရဲ နဲ့ ဒီAccount လေးကို ဝင်မိတိုင်း ဖွင့်မဖတ်ရသေးတဲ့ ငါစာတွေ က ငါ့ရင်ကို နာကျင်စေခဲ့တယ်။ ဒီတော့ သော်တာ ငါ စွန့်လွတ်လိုက်ပါပြီ။ အရာအားလုံး ဘုရားပေးတဲ့ အတိုင်း လက်ခံနိုင်ဘို့ .... ပါ။
နင့် ရဲ့ နွယ်တာ
............

စာကိုဖတ်ပြီး ရင်ထဲ ဆိုဆို့နင့်နင့် ခါးသီးမှု့ ရနံ့ တစ်ခု ရလိုက်သည်။

နွယ်တာ ရေ....
နွယ်တာရေ..... လို့ လှိုက်လဲအော်ဟစ်လိုက်ချင်သည်။
နွယ်တာရေ နင့် ကို ငါချစ်ပါတယ်။ ချစ်တယ် ဆိုတဲ့ စကားလုံးထက် ပိုပြီး ချစ်ပါတယ်။ အရာရာ အားလုံးကို ကျောခိုင်းစွန့်ပစ် နောက်ထပ်စွန့်လွှတ်စရာ မကျန်တော့လောက်အောင်ကို ချစ်ပါတယ် နွယ်တာရယ်။
ဒါပေမယ့်...ဒါပေမယ့် နွယ်တာရယ်.....ငါ နင်ကို ထားရစ်ခဲ့တာ မဟုတ်ပါဘူး .... ချစ်လွန်းလို့ အဝေးကို ပုန်းရှောင်ခဲ့တာပါ။
----------------------------
(၄)

နင် အမှတ်ရဦးမလား...နွယ်တာ။ မန္တလေး ကနေ ပြင်ဦးလွင် ကို လည်ဖို့ နင်တို့ ငှားထားတဲ့ လွင်မန်း ကားလေးကို အရေးကြီးလွန်းလို့ ငါ တောင်းပန်ပြီးလိုက်စီးခဲ့တုန်းကပေါ့။ ရင်ဘတ်တွေ အသည်းအသန်အောင့်ပြီး Chest Paint ကြောင့် သေလုမတတ် မူးဝေ နေတဲ့ငါ့ကို ကားမူးတယ် ထင်ပြီး နင် ရှူဆေးထုတ်ပေး သောက်ဆေး ထုတ်ပေးခဲ့တာလေ။ အဲမှာ နင်နဲ့ငါ စခင်ခွင့် ရခဲ့တာ မဟုတ်လား။ သူငယ်ချင်း ဖြစ်ပြီး နောက်ပိုင်း မှာ မကြာခဏ ဆိုသလို ကားမစီးဖူးတဲ့ တောသားလေး ဆိုပြီး နင် စ နောက်စရာ ရခဲ့တယ် မဟုတ်လား။
ကျေးလက်ဖွံ့ဖြိုးရေး ပါတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အရူးအမူး crazy ဖြစ်တဲ့ ဒို့ နှစ်ယောက် email တွေ အပြန်အလှန် ပို့ကြရင်း တစ်ယောက်နဲ့တစ်ယောက်ကြား နားလည်မှု ယုံကြည်မှု တွေနဲ့အတူ သံယောဇဉ်ကြိုးတွေ အထပ်ထပ် နှောင်ဖွဲ့လာမိတာ တကယ်တော့ သိပ်အဆန်းကြီး မဟုတ်ပါဘူး။ အစကတည်းက တစ်နေရာဆီ ဆိုပေမယ့် အကြောင်းအမျိုးမျိုးပြပြီး နင် ရှိတဲ့ အရပ် မကြာ မကြာ ငါလာတတ်တာကိုလည်း နင် အပြုံးနဲ့ ဆီးကြိုတတ်မြဲလေ။ နှစ်ယောက်လုံး ကော်ဖီကို နှစ်သက်စွဲမက်စွာသောက်တတ်ပေမယ့် ချစ်သူဖြစ်ပြီးတဲ့နောက် မကြာခဏ ဗိုက်အောင့် ရင်ခေါင်းအောင့် တတ်တဲ့ ငါကြောင့် ကော်ဖီတစ်ခွက်ကို နှစ်ယောက် အတူသောက်တဲ့ အကျင့် နင် စလုပ်ပေးခဲ့တာလေ။ အကြောင်းပြချက်က ငါ လျှော့သောက်အောင်လို့တဲ့။
ငါ့ အပေါ် အသေးအဖွဲက အစ ဂရုစိုက် လုပ်ပေးတတ်တဲ့ နင့်ကို ဘဝ တစ်ခုလုံး တွယ်တာမိခဲ့တာ မလွန်ပါဘူးနော။ သတိရမိပါတယ် ရယ်စရာလည်း ကောင်း ချစ်စရာလည်း ကောင်းတဲ့ နင့်ရဲ့ လုပ်ရပ်တစ်ခုလေ။ ငါ့ရဲ့ ၂၅ နှစ်မြောက် မွေးနေ့မှာ နင် မြို့ပေါ်မှာ ရှိမနေနိုင်ခဲ့ဖူး။ နင်မြတ်နိုးတဲ့ အလုပ်နဲ့ ဝေးလံခေါင်သီတဲ့ နေရာကို နင်ရောက်နေတယ်လေ။ ဒါကို ငါမသိဘဲ အရင်နှစ်တွေတုန်းကလို အနားမှာ မရှိနိုင်ပေမယ့် ဖုန်း တော့ ဆက်လိမ့်မယ်ဆိုပြီး အမျှော်လင်ကြီး မျှော်လင့်နေခိုက် ဖုန်း ဝင်လာတယ်။ အသေအချာ နင်ဘဲ လို့ မှတ်ယူပြီး ကောက်ကိုင်လိုက်ချိန်မှာ ကြားလိုက်ရတဲ့ အသံက " HAPPY BIRTHDAY သားရေ " တဲ့။ နင်ရဲ့ မေမေ လေ။ တစ်ဌာနလုံး ရယ်လိုက်ကြတာ အိုးနင်းခွက်နင်းပဲ။ ဘယ်လိုလုပ်လိုက်တာလည်း နွယ်တာ ရယ် လို့ နောင် ဆုံတဲ့အခါ မေးတော့ ....အိုး ငါမှ ဖုန်း မဆက်နိုင်တာ မေမေ ကိုပဲ အပူကပ် မှာခဲရတာပေါ့ လို့ ညစ်ကန်ကန်ပြန်ဖြေခဲ့တာတွေ...။ နင်လိုပဲ နင်နဲ့ ပတ်သတ်လာရင် အရာရာအားလုံး ကို ငါ မှတ်မိနေဆဲပါ နွယ်တာ။
နင် ဆီကို ငါလိုက်လာတိုင်း ဖျော့တော့နွမ်းလျနေတတ်တဲ့ ငါ့ကို စိုးရိမ်တကြီးမေးတိုင်း ခရီးပန်းလို့ပါ နွယ်တာ အနားရောက်တာနဲ့ ပျောက်သွားပြီဘဲ လို့ ငါ ပြန်ဖြေတိုင်း နင်ကျေနပ်လက်ခံတတ်ခဲ့တယ်မဟုတ်လား။ တစ်ကြိမ်မှာတော့ နင် House ဆင်းနေတဲ့ ဆေးရုံလိုက်သွားမိခိုက်..... သော်တာ လာစမ်း နင့်ကြည့်တာ ဖြူဖျော့နေတာဘဲ မရဘူး သွေးဖောက် စစ် ကြည့်မယ် ဆိုပြီး ရယ်စရာ မောစရာ လို နဲ့ နင် လုပ်ခဲ့တယ်မဟုတ်လား။ result ထွက်လာတော့လည်း ထွေထွေထူးထူး ဘာမှ မတွေ့ခဲ့ဘူးလေ။ Haemogolobin Leve နဲနဲ နိမ့်တာကလွဲရင်ပေါ့။ နင် ကတောင် သော်တာရယ် နင် မလဲ ယောကျာင်္း မဟုတ်တဲ့ အတိုင်းဘဲ။ HL က 10.5 g/dl ဘဲရှိတယ်။ ငါထက်တောင် နည်းနေသေးတယ် လို့ ညည်းညည်းငြူငြူ ပြောနေသေးတယ်မဟုတ်လား။..............ဒီလိုနဲ့ဘဲ နွယ်တာရယ် ... နင်ရော ငါပါ ယုံကြည်ရာ အတိုင်း ဘဝ ကို လျှောက်လှမ်းဖို့ ကြိုးစားရင်း တစ်ဦးနဲ့တစ်ဦး အနေတွေ ဝေးပေမယ့် နင့်ရဲ့ ညစ်ကျယ်ကျယ်ဥာဏ်တွေနဲ့ ပေါက်ဖွားလာတဲ့ Gmail Account လေးကြောင့် စိတ်ချင်း အတွေးချင်း နီးခဲ့ကြတယ် မဟုတ်လား။
ဒါပေမယ့် နွယ်တာရယ်....နေ့စဉ်သောက်နေရခဲ့တဲ့ Erythropoietin ဆေးလုံးလေးတွေ အာနိသင် မပြနိုင်တော့လောက်အောင်ကို တစ်နေ့တစ်ခြား ပိုဆိုးလာတဲ့ ငါ့ ကျန်းမာရေးကို ဆရာဝန်ဖြစ်တဲ့ နင်မသိအောင် ငါနေခဲ့တယ်။
ဆေးသွင်းရတဲ့ အကြိမ်ရေ များလာတဲ့ အခါမှာတော့....မိဘတွေက ဒီကိုပို့ပြီး ဆေးကုသမှု ခံစေဖို့ စီစဉ်ခဲ့တယ်။ ဒါနဲ့ ငါ ဆုံးဖြတ်ချက် တစ်ခု ချမိလိုက်တယ်။ နင် မသိစေရဘူး။ ဘယ်လိုနည်းနဲ့မှ နင်သွားချင်တဲ့ လမ်းကြောင်းကို မနှောင်နှေးစေရဘူး။ ငါသိနေတယ် နင်သာ သိခဲ့ရင် ငါ့အနားက နင် တစ်ဖဝါးမှ ခွာမှာ မဟုတ်တော့ဘူး ဆိုတာ။ ငါကြောင့် နင့်ရဲ့အိမ်မက်တွေ မပျက်ပယ်စေရဘူး။ ဒို့နိုင်ငံလို ဖူးပွင့်ဖို့ အရှိန်ယူနေတဲ့နိုင်ငံအတွက် လိုအပ်နေတဲ့ စေတနာရှင် ဆရာဝန်တစ်ယောက် လျော့သွားမှာ ငါမလိုလားခဲ့ဘူးလေ။ အချိန်ကြာရင် နင် မေ့သွားမှာပါလို့ ငါ တွေးထင်မိခဲ့တယ်။ ခုတော့....နွယ်တာ ရယ်...........

-----------------------------

(၅)
အတွေးနယ်လွန်နေရာမှ သူ လန့်နိုးလာသည်။ ရှည်လျားသော သက်ပြင်းမော တစ်ခု မှုတ်ထုတ်ကာ ဆုံးဖြစ်ချက် တစ်ခုကို ပိုင်နိုင်စွာ ချလိုက်သည်။
နွယ်တာ...... သူဧ။် ချစ်လှစွာသော နွယ်တာ..........သူမ ဆီ email တစ်စောင်ပို့ဖို့ Compose ကို ဖွင့်လိုက်သည်။ အနည်းဆုံးတော့ ငါတို့တွေ အတူရှိခဲ့ဖူးသည် ပေါ့.....။ သူ ယုံကြည်နေပါသည်။ လာမည့် မေ ၂၆ (သူမအနားက ဝေးကွာခဲ့တာ သုံးနှစ်ပြည့် နေ့) သို့ မဟုတ် နိုဝင်ဘာ ၂၆ ( သူမ သူ့ကို အဖြေပေးသော နေ့) ...တစ်နေ့နေ့ တော့ gmail account လေးကို သူမပြန်ဖွင့်ကြည့်မယ် ဆိုတာ............

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"နင့် အနားမှာ ငါရှိနေတယ်
ငါ့အနားမှာ နင်ရှိနေတယ် ဆိုတဲ့
အသိလေး တစ်ခုပဲ လိုအပ်ခဲ့တာပါ"

-----------------------
ရေးသားသူ-ကြယ်သောကြာ

4 comments:

ဝေလေး said...

ဝတ္ထုလေးကောင်းတယ်။ အစဆုံးကရေးထားတဲ့စာလေးကြိုက်တယ်။

"အဲသည့် မြှားတံလေး ဖြောင့်တန်းစွာ သွားနိုင်ဖို့ တစ်ဘဝ စာ အပိတ်ခံလိုက်ရတဲ့ မျက်လုံး တစ်ဘက်ဟာ ငါ ပါ ...."

ဆိုတာလေး.....

zande said...

ကိုယ်တွေ့တွေများလားဗျာ ကောင်မလေး သနားပါတယ်

မယ်ကိုး said...

စာလေးတွေ ပြန်တင်ပေးတာ ကျေးဇူးပဲ။ ဒီစာလေးလဲ ကြိုက်ပါတယ်...

အပြုံးပန်း said...

ဝတ္ထုတွေကြိုက်တတ်လို့ ဖတ်ဖြစ်တယ်။ လက်တွေ့နဲ့နီးစပ်တာကို အနုပညာမြောက် ချယ်မူန်းနိုင်တယ်နော်။