မောင်သောကြာ အလုပ်ထဲက အကြောင်းအရာလေး တစ်ခုလေးတစ်ခု သတိရလို့ ရေးတင်လိုက်ပါတယ်။ အိမ်ကို လွမ်းနေချိန်လေးဆိုတော့ အလွမ်းပြေလေးပေါ့။
လွန်ခဲ့သော နှစ်နှစ်ကျော် သုံးနှစ်ခန့်က ဖြစ်ပါသည်။
မောင်သောကြာ တို့ အဲသည့်အခေါက်က စားနပ်ရိက္ခာ ဆင်းရဲချို့တဲ့မှု ၊ ဝင်ငွေခွဲဝေဖြန့်ဖြူးမှုနှင့် စားသုံးမှုပုံစံ (Food Poverty , Income Distribution and Consumption Pattern ) ကို နှိုင်းယှဉ်တိုင်းတာရန် အတွက် မြန်မာနိုင်ငံ အလယ်ပိုင်း အတော်အသင့် ဖွံဖြိုးတိုးတက်ပြီးသော ကျေးလက်ဒေသ ကို လိုအပ်သော ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်ဖို့ရာ စစ်တမ်းကောက်ယူ (Survey) ထွက်ခဲ့စဉ်က ဖြစ်ပါသည်။ ပုံမှန်ခရီးတွေတုန်းကလို သွားလာရန်ခက်ခဲသော နေရာများ မဟုတ်သည့် အတွက် အတော်ကို အဆင်ပြေခဲ့သော ခရီးလည်းဖြစ်ပါသည်။ မောင်သောကြာ တို့အဖွဲ့တွင် မောင်သောကြာ၏ ဆရာမကြီး ဌာနမှုးလည်းဖြစ်သူ Professor Dr.Li ၊ မောင်သောကြာ၏ ဂျူနီယာ ညီမလေး နှစ်ယောက် နှင့် တပည့်လေး လေးယောက်၊ ပေါင်း ရှစ်ယောက် အဖွဲ့ဖြစ်သည်။ သွားခဲ့သော ဒေသကား မကွေးတိုင်း အတွင်း၊ နတ်မောက်၊ မကွေး၊ မင်းဘူးနှင့် ပွင့်ဖြူ မြို့နယ်များ ပင်ဖြစ်သည်။ ယင်းဒေသ များတွင် ဆောင်ရွက်နေသော NGO, GO များ၏ ကျေးလက်ဒေသ ဖွံဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများ ရေရှည်အလားအလာ နှင့် လက်ရှိ အကျိုးသက်ရောက်မှုများကို ကွင်းဆင်းစစ်တမ်းကောက်ယူကြခြင်း ဖြစ်ပါသည်။ ထားတော့ လုပ်ငန်းအကြောင်း အသေးစိပ်ကို မချဲ့လိုတော့ပါ။
တစ်ရက်ပြီး တစ်ရက် တစ်ရွာပြီး တစ်ရွာ၊ တစ်မြို့ပြီးတစ်မြို့ နှင့် ကျေးလက်က တောသူ တောင်သား များကြား သွားလာရင်း လေ့လာသုံးသပ်မေးမြန်းခဲ့ကြသည်ပေါ။
မင်းဘူးက ပွင့်ဖြူ အကူးထင်ပါသည်။ ကိုယ်သိလိုသမျှ မေးသမျှ ဖြေပေးကြသော ဒေသခံ ရွာသားများအတွက် ပေးရန် လက်ဆောင်ကား မလောက်တော့ပါ။ သည်တော့ကာ မကွေးဈေးကြီးထဲ မနက်စောစော ခရီးဆက်မထွက်ခင် လက်ဆောင်ပေးရန် ပစ္စည်းသွားဝယ်ကြပါသည်။ အဲ အဲသည့်ကိစ္စကလည်း အတော်ခေါင်းစားရသော အရာပင်။ ပေးရမယ်ဆိုသော ကန့်သတ်ချက်များလည်း မရှိပါ။ ပေးဖို့အတွက်လည်း ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ ကိုယ့်ကို ထောက်ပံထားတာမဟုတ်။ ကိုယ်လုပ်သော အလုပ်လေး အဆင်ပြေပြေ ဖြစ်သွားအောင် နောက် ဒေသခံသူတွေနှင့်လည်း ရင်းရင်းနှီးနှီး ဖြစ်စေလိုသော သဘောမျိုးဖြစ်အောင် လက်ဆောင်ပေးခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်ကောင်း ပေးရသည်မဟုတ်။ ဝင်လိုက်သော ရွာတိုင်း ၊ ရွာရှိ လူကုန်နီးပါး မိမိအလုပ်နှင့် ပါတ်သတ်လာသမျှ လက်ဆောင်ပေးရဖြင်းဖြစ်ရာ ပစ္စည်းတန်ဖိုးနှင့် အရေအတွက် အသုံးဝင်မှု လိုအပ်မှု စသည် စဉ်းစားဝယ်ရသည်မှာ အတော် လေးခေါင်းခြောက်ရ၏။ ကိုယ် ဘက်ဂျက်နှင့် ကိုယ် အိတ်စိုက် အလုပ်။ ဈေးထဲ နှစ်ခေါက်မျှ လျှောက်မိသော အခါ တွေ့ပါသည်။ ဆပ်ပြာမွှေးခဲလေးတွေ။ ဈေးကွက် စတင်သွင်းစ အမျိုးအမည် ဖြစ်သောကြောင့် ဈေးလည်း သက်သာသည်။ လူတစ်ယောက် ဆပ်ပြာမွှေးခဲ နှစ်ခဲ နှုန်းနှင့် အဝတ်လျှော်ဆပ်ပြာမှုန့် သုံးထုပ်နှုန်းတွက်ကာ လူနှစ်ရာ တွက်ဝယ်ခဲ့ကြသည်။ ဈေးဝယ် မနက်စာ စားကြပြီးသည့်နောက် ထိုနေ့ မနက်စောစောတွင် ယခင်နေ့က မပြီးပြတ်ခဲ့သော မင်းဘူး မြို့နယ် အစွန်ဆုံးရှိ ရေပုတ်ရွာလေးသို့သွားရောက်ကာ ဆက်လက်အလုပ်လုပ်ကြပါသည်။ မင်းဘူးမှ ပွင့်ဖြူသို့ ကူးဖို့ ရည်ရွယ်ထားသော်လည်း ညနေလောက်မှ ကူးဖြစ်ကြမည် မှန်းထားကြပါသည်။ သို့ရာတွင် မနက် ဆယ်နာရီ သာသာလောက် ဆောင်ရွက်စရာများ ပြီးဆုံးသွားသည့်အတွက် မင်းဘူး ခရိုင်ဂျာ ကို လမ်းခရီး အဘယ်ရွာက လမ်းကြုံ ဝင်၍ ကြည့်လျှင် အဆင်ပြေနိုင်မလဲ မေးရာ မင်းဘူး(စကု) ခရိုင်အတွင်းက လယ်ကိုင်းမြို့လေးကို စီစဉ်ပေးပါသည်။
ဟုတ်ပါသည်။ လိုက်ပါလာသော မောင်သောကြာတို့ အဖွဲ့တွင် မောင်သောကြာအတွက် အလွန်အဆင်ပြေနိုင်သော ရွာလေးပင်။ အဘယ်ကြောင့်ဆိုသော် မောင်သောကြာ လေ့လာရာ၊ ကျွမ်းကျင်ရာ နယ်ပယ်သည်ကား (လွယ်လွယ်ပြောရလျှင်) အသေးစားငွေစုငွေချေး လုပ်ငန်းနှင့် ကျေးလက်ဖွံဖြိုးရေး (Microfinance and Rural Development ) ဖြစ်ပေရာ ရွာလေးထဲ ဝင်လျှင် ဝင်ခြင်း အရမ်းသဘောကျမိပါသည်။ (လယ်ကိုင်းသည် ရှေးအခါက မြို့ဖြစ်ခဲ့သဖြင့် လယ်ကိုင်းမြို့ ဟု ခေါ်ခြင်းဖြစ်သော်လည်း ယခုအခါ ရွာလေးတစ်ရွာသာဖြစ်သည်) ။ ကားလမ်းဘေး ၌ ကားရပ်နားစရာ ဆိုင်လေးများ အဆိုပါဆိုင်လေးများတွင် ၄င်းရွာလေး၏ ထွက်ကုန် လယ်ကိုင်းမရွေး နှင့် ယိုမျိုးစုံ။ ရွာထဲကြည့်မိတော့လည်း မိသားစု တစ်နိုင်တစ်ပိုင် မုန့်လုပ်ငန်းလေးများ။ ဆိုကြပါတော့ အဆိုပါ ရွာလေးတွင် မောင်သောကြာတို့ သူတို့၏ ဘဝအနေအထားကို လေ့လာစမ်းစစ်ကြသည်။ ပုံမှန်ဆိုလျှင်တော့ ရွာတစ်ရွာ ရောက်လျှင် တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် တောင်သူကြီးများ အလုပ်နားချိန် နေ့ပိုင်း၊ ညပိုင်း သို့မဟုတ် လုပ်ငန်းခွင်ထဲလိုက်ပြီး အအား စောင့်ကာ မေးကြမြန်းကြ စစ်တမ်း ကောက်ယူလေ့ရှိသော်လည်း ထိုနေ့က ခရီးသွား ဟန်လွဲ အလုပ်လုပ်ကြခြင်းဖြစ်ရာ ကျေးရွာ ရယက ရုံးမှာပင် အားလုံးစု၍ မေးမြန်းလေ့လာမှတ်တမ်းယူဖြစ်ခဲ့သည်။ ကိုယ် သိလိုသမျှ တောင်တောင်အီအီ စစ်စစ်ပေါက်ပေါက် ချော့တလှည့် ချိုတလှည့် မရ ရအောင် မေးကြပြီးသည့် နောက် ပါလာသည့် လက်ဆောင်လေးတွေ ကျေးဇူးတုံတင်သည့်အနေဖြင့် ပေးကြသည်ပေါ့။
မောင်သောကြာလည်း ကိုယ့်အလုပ်နှင့် ကိုယ် ဈာန်ဝင်နေတုန်း ဘေးနား အဖိုးတစ်ယောက်က လက်အသာ လာတို့သည်။ အသာမော့ကြည့်လိုက်တော့ စောစောက မောင်သောကြာ မေးသမျှ စိတ်ရှုပ်ရှုပ်ဖြင့် ဖြေပေးသွားသော အဖိုး။ ဘာကိစ္စရှိသေးလဲ အဖိုး လို့မေးမိတော့... ဆရာလေး၊ ဒါဘာလေးလဲ တဲ့ ။ ယူကြည့်မိလိုက်ရာ ဆပ်ပြာမွှေးခဲ အခွံမှာ ပါသော ခဲခြစ်ကံစမ်းမဲပြားလေး။ သိတယ်မို့လား ရွှေပြည်ကြီးမှာ ခေတ်စားတဲ့ အလေ့အထ။ အံမယ် ခြစ်တောင်ကြည့်ထားလိုက်သေးသည်။ သေသေချာချာ ကြည့်မိတော့
" 1000,
Thank you"
တဲ့။
အဖိုး အဲဒါ ကံစမ်းမဲလေ။ ပေါက်ရင် အဖိုး ပိုက်ဆံရမှာပေါ့။
အင်း ဖိုးတို့က ဘိုစာ နတ်စာတွေ မတတ်တော့ ဘာရေးထားမှန်း မသိပါဘူးကွယ်။ ဆရာလေး ဖတ်တတ်ရင် ပြောပြစမ်းပါ ဖိုး ကို။ ဘာရေးထားတယ်ဆိုတာ။
ရော် ခက်ပြီ။ ကိုယ်ကလည်း အဲလိုဆပ်ပြာမျိုး မမြင် မသုံးဘူး။ ကြည့်လိုက်တော့ တစ်ထောင်၊ ကျေးဇူးတင်ပါသည်။
အဖိုး တစ်ထောင် လို့တော့ ရေးထားတာပဲ မဲပေါက်တာ နေမှာပေါ့ ဆိုင်မှာ သွားထုတ်လိုက်လေ။ နော် ဆိုတော့
မလွယ်ပါဘူး ဆရာလေးရယ် ဒါမျိုးရောင်းတဲ့ဆိုင် မြို့မှာပဲ ရှိမှာပေါ့ ပြိးတော့ အဖိုး သွားလည်း မထုတ်တတ်ပါဘူး အင်း အကြံရခက်ပါသကော ငွေတစ်ထောင်ကြီးများတောင် ဘုရားပေးလို့ ရနိုင်ပါရက် ထိုက်တဲ့ ကံ ပါမလာတော့...
ဆိုပြီး မပြန်သေးဘဲ အနား တွတ်တွတ် ရွတ်နေရှာသော အဖိုး ကိုကြည့်ပြီး မောင်သောကြာ တစ်ယောက် တော်တော် သနားသွားပါသည်။ သူ့ခမျှာ ကြည့်ရတာ ရိုးပုံရိုးလက်ကြိး နွမ်းပါးပုံလည်း ပေါ်သည်။ မြို့လည်း လည်လည်ပတ်ပတ် သွားဖူးပုံ မပေါ်။ အော် ငွေတစ်ထောင် သူ့ အတွက်တော့ များရှာပေလိမ့်မည်။ အင်း ကိုယ် ဒီနေ့ လက်ဘက်ရည် တစ်ခါလောက် လျှော့သောက်လိုက်ရင်..... ပြီးတော့ တောက်လျောက် စိုက်လာခဲ့သည့်အိတ် ဒါလောက်လေးနှင့်တော့ ထူးမကုန်တော့...အတွေးပေါက်ပြီးသကာလ
ကဲ အဖိုး ဘာမှ မစဉ်းစားနဲ့တော့ ရော့ သည်မှာ ငွေတစ်ထောင် ကျနော် အဖိုးကို ကန်တော့တာ။ အဲသည့် မဲလည်း မြို့လူကြုံရှိရင် ထုတ်ပေါ့ ထုတ်မရလည်း အမှတ်တရ သိမ်းထား အဖိုးရေ။ ဆိုမှ ကမ်းပေးလိုက်သော ထောင်တန် တစ်ရွက်အား မက်မက်မောမော ယူရင်း အသာလှည့်ထွက်သွားပါသည်။
မောင်သောကြာ လည်း ညီမလေးဘက် လှည့်ကာ တွေ့လား အစ်ကို ကုသိုလ် လုပ်လိုက်တာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းလဲ အဲ ညနေတော့ လက်ဘက်ရည် မင်း တိုက် ဟု အဖော်လှမ်းညှိမိသေးသည်။
ကိုယ်ဘာသာ ကိုယ် ဖြေရှင်းပေးလိုက်သော အရာလေးကို တွေးကျေနပ်နေလို့မဆုံးခင် ဆရာမကြီး Dr.Li ဆီဘက်မှ မကျယ်တကျယ် မေးသံ မြန်းသံ နှင့် မောင်သောကြာရေ လာရှင်းစမ်းပါဦး မင်းပြသာနာ ဆိုတော့ အပြေးလေး အသွား.....လားလား ဆရာမကြီးရှေ့ စားပွဲပေါ် 1000, Thank you တွေ ပလူပျံနေပါရောလား။ ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ သူမ အလုပ်လုပ်နေစဉ် မေးမြန်းပြီးသော ရွာသား အချို့ ရောက်လာကာ ထို မဲပြားများပြကာ ပိုက်ဆံတစ်ထောင်စီတောင်းကြောင်း ၊ သူမ နားမလည်၍ မေးသောအခါ ဤမေးနေသော အဖွဲ့မှ ထိုသို့ပြနိုင်လျှင် ငွေတစ်ထောင်ပေးသည် ဆိုသည့်အတွက် လာတောင်းကြောင်း သူတို့၏ ရပိုင်ခွင့်များကို လူကြီးဖြစ်သော ဆရာမကြိး မှ ဖြေရှင်းထုတ်ပေးပါ ဆိုလာသည့် အကြောင်း ဆရာမကြီးက ဇာတ်စုံခင်းပြပါသည်။
ဘုရား ဘုရား ဘယ်လိုဖြစ်ပါလိမ့် ကျန်ရှိသော အထုပ်တစ်ချို့တစ်လေ ခြစ်ကြည့်တော့ ခြစ်မိသမျှ တစ်ထောင်၊ ကျေးဇူးတင်ပါသည်။ ခေါင်းတော်တော် ထူပူသွားမိခဲ့သည်။ လူတစ်ယောက်လျှင် ငွေတစ်ထောင်စီ ထပ်ပေးရအောင် မိမိသည်လည်း မီလျှံနာ မဟုတ်။ ပြီးတော့ ကံစမ်းမဲ က တစ်ခုခုတော့ မှားနေပြီ။ ဤကိစ္စ ပြေလည်အောင် ဖြေရှင်းပေးခဲ့မှ ရမည်။ နောင်အလားတူ အလုပ်မျိုး ဤရွာ၌ ထပ်လုပ်လိုလျှင် အစကတည်းက အမှားကင်းမှ ရမည်။ မဟုတ်ရင် တောသူတောင်သားဆိုတာ ရိုးက ရိုးပါဘိ အစွဲအလမ်းကလည်း ကြိးပါဘိနှင့်... တစ်ယောက်တည်း အကျပ်ရိုက်နေတုန်း မေခလာ ပေါ်လာသည်။
“ကဲ ရှင်တို့တွေ တော်ဖို့ကောင်းပြီ။ အဲသည့်မဲ ဘာဆိုတာ မသိတာလည်း မဟုတ်ဘူး။ ဟော ဆရာလေး က မသိလို့ စေတနာပိုပြီး ဦးခင်လှကြီး ငွေတစ်ထောင် ပေးလိုက်တာ။ ပြီးတော့ ဆပ်ပြာက ရှင်တို့ကို ရောင်းတာလည်း မဟုတ်ဘူး မေတ္တာနဲ့ ပေးတဲဟာတွေ။ စေတနာ ပျက်အောင် မလုပ်နဲ့ အကုန်ပြန်သိမ်းလိုက်မယ်" ရယက စာရေးမ အစ်မကြီး စကားအဆုံး လူအုပ်ကြီး အလျိုလျို ပျောက်ကုန်သည်။
အင်း ပြသာနာတော့ ရှင်းသွားပြီ။ ဒါပေမယ့် မောင်သောကြာ အဖို့တော့ မရှင်းသေး။ ရယက စာရေးမ၏ စကားထဲ မြုပ်ကွက် တစ်ခု ပါနေသည်။ ရှင်တို့တွေ မသိတာလဲ မဟုတ်တဲ့။ ဟောဆရာလေးက မသိလို့ တဲ့။
ကျေးဇူးတင်ပါတယ် အစ်မရယ်။ ဒါပေမယ့် ကျနော် မသိတာလေး တစ်ချက်လောက် ရှင်းပေးပါဦး ဒီကိစ္စ ဘယ်လို ဘယ်လို ဆိုတာ...မေးကြည့်တော့ စာရေးမ က အသက် သုံးလေးနှစ် ကလေးတစ်ဦးကို ကြည့်သလို မောင်သောကြာ ကို ကြည့်ပြီး ဆရာလေးက ဒီမှာ မနေဘူးလို့ ဒါမျိုး မသိတာရယ်။ အဲ ဆပ်ပြာမွှေးတွေ ပြီးခဲ့တဲ့နှစ်ပိုင်း ဒီဒေသ စရောက်လာတော့ ခုလို မဲ ရရင် သွားထုတ်ကြတာ တကယ်တမ်းကျ အဲတာ မဲ ပေါက်တာမှ မဟုတ်တာ ဆရာလေး ရဲ့ ပါလာတဲ့ 1000 တို့ 500 တို့ကို သိမ်းထား။ ပြီးမှ 1ks ဒါမှမဟုတ် 5 ks ဆိုတဲ့ စာပါတဲ့ မဲပြားနဲ့ တွဲမှ ၁၀၀၀ ကျပ် တို့ ၅၀၀၀ ကျပ် တို့ ထုတ်ရတာလား ဆရာလေးရဲ့။ ဒါကို ဆရာလေးက မသိဘဲ ငွေသွားပေးတော့ အင်း ခက်ပါတယ် ဒီလူတွေနဲ့တော့..တဲ့
ကဲ....ခက်ပေဘူးလား ကိုယ်မှ မသိဘဲဟာကိုး။ တစ်ကယ် ကို အ ပါတယ်။
(စာကြွင်း။ မောင်သောကြာတစ်ယောက် မရှုပ် ရှုပ်အောင် လှည့်သော အဲဆပ်ပြာ ကုမ္မဏီ ကိုသာ မေတ္တာပို့မိပါသည်။)
ရေးသားသူ-ကြယ်သောကြာ