2009-06-11

လူကြီးများဖတ်ရန် ကလေးအတွေးများ

ကျွန်တော် ရဲ့ ချစ်သောသူငယ်ချင်းများ ခင်ဗျား
ကျွန်တော် သူငယ်ချင်းတို့ကို ပြောပြချင်နေသော စကားများရှိသော်လည်း ခု လတ်တလောအခြေအနေအရ ကိုယ်ကိုတိုင် ဘာကိုမှ ဟုတ်တိပါတ်တိ မရေးဖြစ် မရေးနိုင်ပါ။ အားသမျှသော အချိန်လေး တွင် ဘလော့များ ကို လိုက်ဖတ်နေရတာနှင့်တင် ရသောအချိန်လေး ကုန်ကုန်သွားပါသည်။ သိုရာတွင် တစ်ခုခု ပြောလိုသော အတွေး ပြင်းပြနေပါသဖြင့် အောက်ပါစာစုလေးအား သူငယ်ချင်းတစ်ယောက် အကူအညီတောင်း စာရိုက်ခိုင်းပြီး တင်မိပါသည်။ ခုတလော အဖြစ်ချင်ဆုံး ဆန္ဒ တဂ်ပိုစ့်များ လည်ဖတ်မိရင်း ပေါ်လာသော အတွေးတစ်စ ဖြစ်ပါသည်။ ကျွန်တော့်အတွေး ကလေးဆန်ကောင်း ဆန်နေပါလိမ့်မယ်။ ကိစ္စမရှိပါ ကျွန်တော် အခု တင်လိုက်သော စာစုသည်လည်း ဆရာ မင်းခိုက်စိုးစန် ၏ ကလေးအတွေး အက်ဆေး စာအုပ်ထဲမှ စာစုသာဖြစ်ပါသည်။

ကလေးအတွေး အက်ဆေး (၈)

(၁)

"ဟေ့...ချာတိတ်၊ ဒီလောက်မိုးရွာနေတာ...ဘာဖြစ်လို့ အိမ်ပြင်ထွက်ပြီး ရပ်နေရတာလဲ။ ကြည့်စမ်း... မင်းတစ်ကိုယ်လုံး ရွှဲရွှဲစိုနေပြီ"
"ကျွန်တော်...ပုန်းနေတာခင်ဗျ"
"ဟေ့...ဘာတွေပုန်းနေတာလဲ"
"မေမေက ရေချိုးပေးမယ်ဆိုလို့ ကြောက်လို့ ပုန်းနေတာ"

(၂)

ဒီအတွေးဟာ ကလေးတစ်ယောက်ရဲ့အတွေးဖြစ်တဲ့အတွက် တကယ့်ဖြစ်ရပ်နဲ့ သူရဲ့တွေးခေါ်ပုံ လွဲချော်နေတာကို ကြည့်ပြီး ကျွန်တော်တို့ ရယ်မောပစ်လို့ ရပါတယ်။
ကလေးငယ်ဟာ ရေချိုးရမှာကို ကြောက်တယ်။ အဲဒီလို သူကြောက်တဲ့အရာကို ရှောင်တိမ်းလိုက်တော့ရော လွတ်မြောက်သွားသလားဆိုတော့ မလွတ်မြောက်ပါဘူး။ မိုးရေထဲ ထွက်ပြီးရပ်နေတော့ တစ်ကိုယ်လုံး ရွှဲရွှဲစိုရပြန်တာပါပဲ။
ကျွန်တော်က အဲဒီစိတ်ကူးကလေးကို လူကြီးတစ်ယောက်ရဲ့ အတွေးအဖြစ် ပြောင်းလဲပြီးမြင်ကြည့်တယ်။ လူကြီးတွေရော ဘာထူးလို့လဲ။
ကျွန်တော်တို့ဟာ ဒုက္ခတစ်ခုခု၊ အကျပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်ရမှာကို ကြောက်ကြတယ်။ ဖြစ်နိုင်ရင် ရင်မဆိုင်ချင်ဘူး။ ရှောင်တိမ်းပုန်းအောင်းချင်ကြတယ်။ အဲသည်လို ရှောင်တိမ်းလို့ရော ဒုက္ခကနေ လွတ်မြောက်သွားသလားဆိုတော့ မလွတ်မြောက်နိုင်ကြပါဘူး။ ပိုပြီးဆိုးဝါးတဲ့ အကျပ်အတည်းအောက်မှာ ရွှဲရွှဲစိုလျက်သား ဖြစ်သွားကြတာပါပဲ။
မာဂရက်ဘာခ့်ဝှိုက် ( Margaret Bourke White) ဆိုတဲ့ စာရေးဆရာမတစ်ယောက် ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။
"ကြောက်စိတ်နဲ့ တွေ့ရင် ရဲရဲရင်ဆိုင်၊ လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကို လုပ်။ အဲဒီလိုလုပ်လိုက်တဲ့ အလုပ်က မကြောက်အောင် ကယ်သွားလိမ့်မယ်" တဲ့။
အဲဒီစကားကို ကျွန်တော်သိပ်ကြိုက်ပါတယ်။ တစ်ကယ်ဆို ကျွန်တော်တို့ အလုပ်သင့်ဆုံးအလုပ်က အကျပ်အတည်းတွေ၊ ပြသာနာတွေ၊ ဒုက္ခတွေကို ရဲရဲရင်ဆိုင်ဖို့ပဲမဟုတ်လား။ ထွက်ပြေးနေဖို့ မဟုတ်ပါဘူး။
ထွက်ပြေးလိုက်ခါမှ ပြသာနာတွေ ပိုဆိုးရွားသွားတတ်ပါတယ်။ အမေရိကန်ပြဇာတ်လောကက နာမည်ကျော် ပြဇာတ်မင်းသမီးကြီး ဟယ်လင်ဟေး(စ်) Helen Hayes ရဲ့အကြောင်းကို တော်တော်လေး ကြားထားဖူးကြပြီးသား ဖြစ်မှာပါ။
သူမဟာ အသက်(၂၀) အရွယ်မှာ နာမည်ကြီးပြဇာတ်တစ်ပုဒ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံး ကပြရတယ်။ ရုပ်ရည်ကလည်းလှ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်မင်းသမီးကလည်း ဖြစ်ရပြန်ဆိုတော့ ဟယ်လင်က သူ့ကိုယ်သူ အကျေနပ်ကြီးကျေနပ် နေတာပေါ့။
သူ အစွမ်းကုန်ကြိုးစား သရုပ်ဆောင်တယ်။ သူ့စိတ်ကူးအိမ်မက်ထဲမှာတော့ သူ့ရဲ့အနာဂတ်ခရီးဟာ အရမ်းကို လှပချောမွေ့နေပြီပေါ့။ နာမည်ကြီးမယ်၊ ငွေသောက်သောက်လဲ ရမယ်... စသည်ဖြင့်ပေါ့။ သူ့မှာရှိရှိသမျှ အားအင်တွေ၊အစွမ်းသတ္တိတွေကို ညစ်ထုတ်ပြီး ကြိုးစားခဲ့တာပါ။
သူ့ပြဇာတ် ပထမညအပြီးမှာ အဝတ်လဲခန်းထဲကနေပြီးတော့ သူ့သရုပ်ဆောင်ချက်ကို ချီးကျူးဂုဏ်ပြုလာကြမယ့်သူတွေကို စောင့်မျှော်နေတယ်။
ဒါပေမယ့် သူတစ်ကယ်ရင်ဆိုင်လိုက်ရတာကတော့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်။ အမျိုးမျိုး ရှုတ်ချကြတယ်။ ကဲ့ရဲ့ဝေဖန်ကြတယ်။
"ကိုယ် သရုပ်ဆောင်ရမယ့် Character ကို မပိုင်နိုင်ဘူး "
"သဘာဝ မကျဘူး"
"ကိုယ့်ကိုကိုယ် အလှပြတာ များလွန်းနေတယ်"...
စသည်ဖြင့်ပေါ့။
အဲဒီမှာ အဆိုးဆုံးဝေဖန်ချက်တစ်ခုကတော့
"ဒီလိုအရည်အချင်းမျိုးနဲ့ နာမည်ကျော် ပြဇာတ်မင်းသမီးကောင်း တစ်ယောက်ဖြစ်မလာနိုင်ဘူး"
ဟယ်လင်ဟာ အရမ်းကို တုန်လှုပ်သွားတယ်။ ရှက်လည်းရှက်သွားတယ်။ သူ့ကိုယ်သူ သေးသေးလေး ဖြစ်သွားသလို ခံစားလိုက်ရတာ။ ဇာတ်စင်ကို ကျောခိုင်းပြီး ပြဇာတ်လောကကို စွန့်ခွာထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူ အရှုံးပေးပြီလေ။ ထွက်ပြေးတော့မယ်။
ဒါပေမယ့် အဲဒီမှာ ဟယ်လင်ရဲ့အမေက အဖိုးထိုက်တန်တဲ့ စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ပါတယ်။
"သမီး...လက်တွေ့အခြေအနေကို ရှောင်နေလို့မရဘူး"
ဟယ်လင်ဟာ သတ္တိမွေးပြီး ရဲရဲရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ သူ့ကိုဝေဖန်ချက်တွေဟာ အမှတ်တွေချည်းပဲလို့ လက်ခံလာနိုင်တယ်။ သူဟာ သရုပ်ဆောင်ပညာကို အစကနေ ပြန်လေ့လာသင်ယူပြီး ကြိုးစားတော့တာပါပဲ။ ဒုက္ခတွေကို ခါးစည်းခံပြီးလို့ (၄) နှစ်အကြာမှာ သူဟာ ကမ္ဘာကျော် ပြဇာတ်မင်းသမီး တကယ်ဖြစ်လာတော့တာပါပဲ။

(၃)

ကျွန်တော်တို့ရော ဒုက္ခကို ဘယ်လိုရင်ဆိုင်နေကြပါသလဲ။ ရှောင်ပြေးနေကြပါသလား။ ရဲရဲရင်ဆိုင်နေကြပါသလား။ ရှောင်ပြေးနေကြသေးတယ်ဆိုရင်တော့ "ကလေးအတွေး"ပဲရှိသေးတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။

ဆရာမင်းစိုက်စိုးစန်ရဲ့ ကလေးအတွေး အက်ဆေး (၈) ပါ။
ကလေးအတွေး ကနေ လူကြီးတွေအတွက် တစ်စုံတစ်ရာအတွေး ရနိုင်ပါစေ။
ချစ်ခြင်းဖြင့်
ကြယ်သောကြာ

7 comments:

သီဟသစ် said...

သောကြာရေ..

ကလေးအတွေးလေးကို သေချာဖတ်သွားပါတယ်..
အသိလေးတွေလည်းရသွားတယ်..

ခင်မင်စွာဖြင့်
သီဟသစ်

မယ့်ကိုး said...

မအားတဲ့ကြားက စာတွေအများကြီး ရိုက်ပေးတာ ကျေးဇူးပါ။

ဝက်ဝံလေး said...

ကိုကြာကြီးရေ အယ် အရင်က ဘယ်လိုခေါ်လဲမသိဘူး အခုတမျိုးခေါ်သွားတယ်နော် သိလား မအားဘူးဆို အခုလိုစာတွေရေးပေးတာ လဲ ကျေးဇူးပါပဲ မျှဝေပေးတာ ရှဲရှဲပါနော် ဘိုင် လာဖတ်သွားတယ် သိလား တာ့တာ

မေဒီဇာ said...

မေဒီလည်း ကိုယ်လက်မခံချင်သေးတဲ့ တချို့ကိစ္စတွေကို ရင်ဆိုင်ရမှာ ကြောက်လန့်တတ်တယ်။ ဖြစ်မလာမှာကိုပဲ ပိုကြောက်မိတာ။ အနှစ်သာရပြည့်ဝတဲ့ စကားစုတွေအတွက် မေဒီ ဘာလုပ်သင့်တယ်ဆိုတာ နားလည်သွားပါပြီ။ အဲဒီအတွက် သူငယ်ချင်း သောကြာကိုလည်း အထူးကျေးဇူးတင်ပါတယ်နော်။ လိုအင်ဆန္ဒပြည့်စုံနိုင်ပါစေလို့ ဆုတောင်းရင်း
ခင်မင်စွာဖြင့်

ဇော် said...

ကျနော်လား ... ခပ်တည်တည်နဲ့ နှုတ်ဆက်လိုက်မယ်လေ။ မကောင်းဘူးလား။ အဟိ။
ကိုသောက်ကတော့နော်။ မရေးလို့လဲ မရေးလို့။ ရေးတော့လဲ တစ်ခါတည်း လက်စွမ်းက ပြတော့တာပဲ။
ကျနော့် အကိုလို့ မပြောရဘူး။ ဂွတ်တယ်ဗျာ။

ကိုလူထွေး said...

တို့တာဝန်အရေးသုံးပါးနဲ့ ပြည်သူ့သဘောထားကို ကိုယ့်သဘောထားနဲ့ကိုယ် တင်မထားသရွေ့ ဆန့်ကျင်နေတယ်လို့ ယူဆလိုက်မယ်...းဝ)

နည်းတဲ့ သတ္တိလားးးးး

းဝ)

မိုးခါး said...

အက်ဆေးလေးဖတ်သွားပါတယ်နော် ..
ဖတ်ပြီးလည်း ကြိုက်ပါတယ် ..
ကျေးဇူးပါနော်း)