Showing posts with label ကိုယ်ရေး၍ ကိုယ်ကြိုက်သော. Show all posts
Showing posts with label ကိုယ်ရေး၍ ကိုယ်ကြိုက်သော. Show all posts

2009-04-30

အိမ်မက် မက်ခြင်း


ည...
အိမ်မက် မက်နေရာက ဖျတ်ခနဲ လန့်နိုးလာမိသည်။
ညက.. ဝိုးတဝါး။ ပြာရီမှုန်ဝေနေသည်။ အတွေးထဲတွင် ဖွဲ့သီထားသော အိမ်မက်တို့က မပီမပြင်.. နိုးတစ်ဝက် အိပ်တစ်ဝက် ရင်ခုန်သံထဲမှာပင် သူမကို တမ်းတနေမိသည်။
ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သော အခါ ညဉ့်အမှောင်ထဲတွင် ဆောင်တော်ကူးပန်း ရနံ့တွေက လွမ်းမောဖွယ် သင်းပျံ့နေလေသည်။ ဆောင်းညလေပြည်ထဲတွင် သစ်ရွက်ခတ်သံတစ်ချို့ကြားရဧ။်။
ဖျော့တော့သောအလင်းဖြင့် မှုန်မှုန်ရီဝေနေသော နှလုံးသားမှာ လမင်းတစ်စင်းကို တမ်းတသလိုမျိုး သူမကို သတိရနေမိသည်။
တစ်ချက်တစ်ချက် စိမ့်ကနဲ တိုးဝင်လာသော လေနုအေးထဲ ဆိတ်ဖလူး ပန်းနံ့တွေ တစိမ့်စိမ့် တဝေဝေ့ မျောလွင့်နေသလိုလို....။
သူမကို သတိရတမ်းတတဲ့ စိတ်နဲ့ တစ်ဆက်တည်း နှလုံးသားမှာ အထီးကျန်ဆန်မှုကို နွမ်းလျစွာ ခံစားမိလိုက်ရသည်။
"စာနာနားလည်နိုင်မှု".....။
ဟင့်အင်း..... မဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီဟာ ကိုယ့်ဝေဒနာ ကိုယ်ဘာသာ ကို ခံစားရတာပါပဲ။ ကိုယ်ခံစားရတဲ့ ဝေဒနာကို ကိုယ်လောက် ဘယ်သူက နာကျင်တတ်မှာ မိုလို့လဲ....။
သူမ ကရော.....ချစ်ရတဲ့ သူမကရော ???????
......
....ညီမလေး......
တုန်ရီမောလှိုက် စွာအော်ခေါ် မိလိုက်သည်.။
......
ရုတ်တရက် လန့်နိုးလာမိသည်။ နာရီကို ကြည့်မိတော့ ၁ နာရီ ၃၆။ အခန်းကျဉ်းလေးထဲ ဖျော့တော့သော ပြာလဲ့လဲ့ အလင်းမှတစ်ပါး အရာအားလုံးတိတ်တဆိတ်နှင့်.....။
အပြင်မှာ ကန္တာရ ကိုဖြတ်၍တိုက်လာသော သဲပွင့်ရှရှပါသော လေပြေကြမ်းက မှန်တံခါးကို လာပွတ်တိုက်သွားသည်။ စိတ်အစုံတို့က လက်ရှိဘဝ ကိုချက်ချင်းမရောက်ချင်သေး။ အလွမ်းငွေ့တို့ မစင် တစင် နှင့် ဝန်းကျင်နှင့် သဟဇာတ မဖြစ်မိ။
သတိရတမ်းတသောစိတ်နှင့် အိပ်ယာဘေးရှိ ကွန်ပြူတာလေးကို အသာဆွဲယူမိလိုက်သည်။
ကျွန်တော် အိမ်ပြန်ချင်နေပါပြီ။
ရေးသားသူ-ကြယ်သောကြာ